Thursday, May 21, 2009

Vegetarian ဆိုင်ကလေး

တနှစ်ခွဲကျော် နှစ်နှစ်နီးပါးပဲ တက်ခဲ့ရတဲ့ကျောင်း ဆိုပေမဲ့ NTU မှာ အမှတ်ရစရာတွေ အတော်များများ ရှိပါတယ်။ အေးလှတဲ့ EEE ရဲ့ သီရေတာ စာသင်ခန်းတွေ၊ internet ဖောဖောသီသီ သုံးလို့ရတဲ့ Library 1 နဲ့ 2 ၊ project မပြီးနိုင်လို့ စိတ်ညစ်ညစ်နဲ့ ခပ်ဖြေးဖြေးလျှောက်ဖြစ်ခဲ့တဲ့ EEE Lab ခန်းတွေဘေးက စင်္ကြံလမ်း၊ ကိုကိုလာကူပေးဖူးတဲ့ ကျွန်မ Lab လုပ်ရတဲ့ အခန်း S1-B4b-04 ၊ Lab ခန်းကနေ Project Supervisor ဆီ သွားတွေ့ တဲ့အခါ ဖြတ်သွားရတဲ့ စကားဝါပင်ပုလေးတွေနဲ့ လမ်းကလေး ( ပွင့်ချိန်ဆိုရင် စကားဝါပန်း နံ့တွေနဲ့ မွှေးကြိုင်နေပါတယ်) စသည် စသည် သတိရစရာတွေ အများကြီးပါ။
ဒါပေမဲ့ ဒီနေ့ရေးချင်တာက အဲဒီအကြောင်းတွေ မဟုတ်ပါဘူး။ Canteen B က သတ်သတ်လွတ် ထမင်းဆိုင်လေးအကြောင်း ရေးချင်တာပါ။
Canteen B မှာ စစားကတည်းက အဲဒီဆိုင်လေးမှာ စားဖြစ်ပြီး ကြိုက်သွားပါတယ်။ သတ်သတ်လွတ်ဟင်းတွေကို တရုတ်စတိုင်လ် ချက်ထားတာပါ။ တော်တော် စားလို့ကောင်းပါတယ်။ ပဲလိပ်ကို ပဲငံပြာရည်နဲ့ ချက်ထားတဲ့ဟင်းက အဲဒီတုန်းက ကျွန်မရဲ့ favorite ပါ။
နောက်တခုကောင်းတာက တခါသုံး ပန်းကန်၊ ဇွန်း နဲ့ ခက်ရင်းလေးတွေ သုံးရတာပါ။ ကိုယ့်ဟာကိုယ် ထည့်ရတဲ့ ဟင်းရည်လေးကိုလဲ ကြိုက်ပါတယ်။ ဈေးကလဲ အတော်ချိုပါတယ်။ ဟင်းတမျိုးကို ပျမ်းမျှ ပြား ၅၀ လောက်ပဲ ကျပါတယ်။ ထမင်းနဲ့ ဟင်း၂ မျိုး ထည့်မှ ၁ကျပ်ခွဲ ပါ။ ကျောင်း canteen မို့လို့ ဈေးချိုတာလို့ ထင်ပါတယ်။
ကျောင်းပြီးသွားပေမဲ့ တခါတလေ ကြုံလို့ NTU ရောက်ဖြစ်ရင် အဲဒီဆိုင်မှာ စားဖြစ်တဲ့ အခါတွေ ရှိပါတယ်။

ဘာမှ အထူးအဆန်းတော့ မဟုတ်ပါဘူး။ စားရတာ ကြိုက်မိတဲ့ ဆိုင်ကလေးအကြောင်း အမှတ်တရပါ။