မနက်ပိုင်း ရုံးမှာ လူတွေ ဟိုစုစု ဒီစုစု ဖြစ်နေကြတယ်။ မေးကြည့်တော့ ရုံးကတယောက်မှာ H1N1 ဖြစ်လို့တဲ့။ နောက်မှ သေချာသိတာက ရုံးဝန်ထမ်းမှာ ဖြစ်တာမဟုတ်၊ အဲဒီတယောက် ငှားနေတဲ့ အိမ်က အိမ်ရှင်မမှာ ဖြစ်တာတဲ့။
ဘယ်လိုပဲ ဖြစ်ဖြစ် အားလုံး ကို Mask တွေတပ်ထားကြဖို့ Business Management က နှိုးဆော် ပါတယ်။ Group meeting ရှိရင် မတပ်မနေရတဲ့။ မတပ်တဲ့သူ အနည်းအကျဉ်း ရှိပေမဲ့ တော်တော်များများက Mask တွေ ကိုယ်စီနဲ့။ :) အတွေ့အကြုံ အသစ်ပေါ့လေ။ ခဏနေတော့ လုပ်ဖော်ကိုင်ဖက် တယောက်က ရီစရာပြောတယ်။ အဲဒီ Mask တပ်ထားရတာ H1N1 မဖြစ်ခင် အသက်ရှုမ၀လို့ တခုခု ဖြစ်မှာ စိုးရတယ်တဲ့။
ဒီလိုနဲ့ ညနေဖက်ကျတော့ email ၀င်လာတယ်။ ဒီဝန်ထမ်းရဲ့ အိမ်ရှင်က ဆေးရုံမှာ ထပ်စစ်လိုက်တော့ H1N1 ပိုး ၊ effect ဖြစ်တာ မဟုတ်ပါဘူးတဲ့။ သာမန် flu ပဲ ၊ effect ဖြစ်တာပါတဲ့။ ဘာပဲပြောပြော ရုံးမှာ နဲနဲတော့ ရုတ်ရုတ်သဲသဲ ဖြစ်သွားတာအမှန်။
Thursday, June 18, 2009
Thursday, June 4, 2009
ဒီလိုနဲ့ တနေ့တာ . . .
ဒီမနက် အိပ်ယာက နိုးတော့ အပြင်မှာ မိုးတွေရွာနေတာ သတိပြုမိတယ်။
အရင်ရက်တွေက ပူအိုက်နေတဲ့ ရာသီဥတုလဲ အခုတော့ အေးချမ်းလို့။
ဒီလိုမနက်ခင်းမျိုးမှာ အိပ်ယာက စောစောစီးစီးထပြီး အလုပ်သွားရမယ်တဲ့။
ဘာကိုလဲ မရေမရာနဲ့ စိတ်နာမိတယ်။
အကယ်၍ အလုပ်သွားစရာ မလိုဘူး ဆိုရင်ကော . . .
ပျော်နိုင်မှာတဲ့လား . . .
အင်း. . စဉ်းစားစရာပဲ။
အဲလိုသာ ဆိုရင်တော့ အလုပ်လက်မဲ့ ကိုယ့်ကိုယ်ကို အားမလိုအားမရနဲ့ စိတ်ဓာတ်ကျကောင်း ကျနေနိုင်တယ်။
တကယ်တော့ အလုပ်ရှိနေတာ မင်္ဂလာတပါး ပါပဲလေ။
အင်း . . ထပြီး မျက်နှာသစ်မှ၊ သွားတိုက်မှ။

Wednesday, June 3, 2009
ရှမ်းခေါက်ဆွဲ
ရှမ်းခေါက်ဆွဲ လုပ်စားတဲ့ အကြောင်းလေး ရေးချင်ပါတယ်။ လုပ်နည်းက မြန်မာကျူးပစ် ဟင်းချက်နည်းများ pdf ဖိုင် ထဲက ဖတ်ထားတာပါ။
ပထမဆုံး ကြက်သားကို ဆား၊ ဆနွင်း နယ်ပြီး ရေစပ်စပ်နဲ့ ပြုတ်ပါတယ်။ ရေခမ်းသွားတော့ မီးဖိုပေါ်ကချ အအေးခံပြီး အသားတွေ နွှင်ထားပါတယ်။ ခရမ်းချဉ်သီးကို မထူမပါးလေးတွေ လှီးထားတယ်။
နောက် ကြက်သွန် အဖြူ၊ အနီ နဲ့ ငရုပ်သီးမှုန့် ကို ဆီသတ်၊ ကြက်သား၊ ခရမ်းချဉ်သီးတွေ ထည့်ပြီး ကြက်သားဟင်း ချက်ပါတယ်။ အရသာ အတွက် ဆား၊ အချိုမှုန့် နဲ့ ငံပြာရည် ကို သင့်သလို ထည့်ပါတယ်။
ကြက်သားဟင်း

မုန့်ညင်းချဉ် (ကြံမဆိုင်) အရိုး နဲ့ အရွက် ကို ခပ်သေးသေး လေးတွေ ဖြစ်အောင် လှီးပါတယ်။ မြေပဲလှော်ကို အခွံချွတ် ၊ ကျွတ်ကျွတ်အိတ် တခုထဲထည့်ပြီး တော်တော်လေးကြေသွားအောင် ပုလင်းနဲ့ ထုတယ်။ နံနံပင် နဲနဲကို လဲ ကတ်ကြေးနဲ့ ညှပ်ထား လိုက်တယ်။
မုန့်ညင်းချဉ်၊ နံနံပင် နဲ့ မြေပဲလှော်

ခေါက်ဆွဲဖတ် အတွက် Wai Wai Rice Stick ကို သုံးပါတယ်။ ရှမ်းခေါက်ဆွဲ နဲ့ သိပ်အတူကြီး မဟုတ်ပေမဲ့ စားရတာ သိပ်မဆိုးဘူးလို့ ထင်ပါတယ်။
Wai Wai Rice Stick

Rice stick တွေကို ရေအေးနဲ့ စိမ်ထားပြီး နဲနဲပျော့သွားတော့ ပွက်ပွက်ဆူနေတဲ့ ရေနွေးထဲမှာ ခဏလေး ပြုတ်လိုက်ပါတယ်။ ခေါက်ဆွဲတွေ တအား မပျော့သွားခင် မီးဖိုပေါ်ကချပြီး ရေစစ်ထားလိုက်တယ်။
စားခါနီးကျမှ ပန်းကန်ထဲကို ခေါက်ဆွဲဖတ်ထည့် ၊ ကြက်သားဟင်းထည့်ပြီး ခုနက လှီးထားတဲ့ မုန့်ညင်းချဉ် ထည့်ပါတယ်။ မြေပဲလှော် နဲ့ နံနံပင် ဖြူးလိုက်တော့ ပုံထဲကအတိုင်း ရှမ်းခေါက်ဆွဲ တပွဲ ဖြစ်လာပါတယ်။ တကယ်က နှစ်ပွဲပါ၊ တပွဲပုံကိုပဲ ရိုက်ထားမိတာ။

Subscribe to:
Posts (Atom)