တခါတုန်းက မွေးဖွားခါနီး ကလေးငယ်တဦး ရှိတယ်။
တနေ့တော့ ကလေးငယ်က ဘုရားသခင်ကို ဒီလိုမေးတယ်။ “ဘုရားသခင် မနက်ဖြန်မှာ တပည့်တော်ကို လူ့ပြည်ကို ပို့တော့မယ်။ တပည့်တော်ဟာ သေးငယ်ပြီး အကူအညီ ကင်းမဲ့လို့ လူ့ပြည်မှာ ဘယ်လို နေရပါ့မလဲ“ ။
ဘုရားသခင် က ဒီလို ဖြေပါတယ်။ “နတ်သမီး များစွာထဲက သင့်အတွက် နတ်သမီးတပါးကို ရွေးခြယ် ထားပါတယ်။ သူမဟာ သင့်ကို စောင့်မျှော်နေလိမ့်မယ်။ ပြီးရင် ပြုစု ယုယ လိမ့်မယ်“ ။
-------------------------------------------------
“ဒါပေမဲ့“ ကလေးက ဆိုပြန်တယ်။ “ဒီကောင်းကင်ဘုံမှာ တပည့်တော်ဟာ သီချင်းတွေဆိုတယ်၊ ပြုံးရွှင်ရတယ်။ အဲဒီအတွက် ပျော်ရွှင်ရပါတယ်“။
အဲဒီအခါ ဘုရားသခင်က “လူ့ပြည် ရောက်တဲ့အခါ သင့်နတ်သမီးက သင့်ကို သီချင်းတွေဆိုပြ လိမ့်မယ်။ သူမရဲ့ ချစ်ခင် မြတ်နိုးမှုတွေကို ခံစားရတဲ့အတွက် သင်ဟာလဲ ပျော်ရွှင်ပါလိမ့်မယ်“ တဲ့။
-------------------------------------------------
“နောက်ပြီး“ ကလေးက ဆိုတယ်။ “လူတွေက တပည့်တော်ကို စကားတွေ လာပြောကြတဲ့အခါ တပည့်တော်က နားမလည်ရင် ဘယ်လို လုပ်ရပါ့ မလဲ“။
“ဒါက လွယ်ပါတယ်“ ဘုရားသခင်က ဆိုတယ်။ “သင့်ရဲ့ နတ်သမီးက သင့်ကို အလှပဆုံး၊ အချိုမြိန်ဆုံး စကားလုံးတွေနဲ့ ရှင်းပြလိမ့်မယ်။ စိတ်ရှည်ရှည် နဲ့ ဂရုစိုက် ပြီးတော့လဲ သင့်ကို စကားပြော သင်ပေးလိမ့်မယ်“ ။
-------------------------------------------------
ကလေးငယ်ဟာ ဘုရားသခင်ကို လှမ်းကြည့်ရင်း “တပည့်တော် ဘုရားသခင်နဲ့ စကားပြောချင်ရင် ဘယ်လို လုပ်ရပါ့မလဲ“ လို့ မေးမိတယ်။
ဘုရားသခင်က ပြုံးရင်း “လက်အုပ်ချီလို့ ဘုရားဘယ်လို ရှစ်ခိုးရမယ် ဆိုတာကို သင့်နတ်သမီးက သင့်ကို သင်ပေးလိမ့်မယ်“ တဲ့။
-------------------------------------------------
ကလေးငယ်က “လူ့ပြည်မှာ လူဆိုးတွေ ရှိတယ်လို့ တပည့်တော် ကြားဖူးပါတယ်။ ဘယ်သူက တပည့်တော်ကို အကာအကွယ် ပေးပါ့မလဲ“
ဘုရားသခင်က ကလေးငယ်ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးရင်း “သင့်ရဲ့ နတ်သမီးက လိုအပ်ရင် အသက်နဲ့ပါလဲပြီး သင့်ကို ကာကွယ် စောင့်ရှောက် ပါလိမ့်မယ်“ တဲ့။
-------------------------------------------------
ဒီတကြိမ်မှာတော့ ကလေးငယ်က ၀မ်းနည်းစွာ ဆိုတယ်။ “တပည့်တော်ဟာ ဘုရားသခင်နဲ့ တွေ့ခွင့် မရတော့မှာမို့ ၀မ်းနည်းမိ ပါတယ်“
ဘုရားသခင်ဟာ ကလေးငယ် ကို ပွေ့ဖက်ရင်း “သင့်ရဲ့ နတ်သမီးက ဘုရားသခင် အကြောင်း သင့်ကို ပြောပြလိမ့်မယ်။ ဘုရားသခင်ဆီ ပြန်လာနိုင်တဲ့ နည်းကိုလဲ သင်ပေးပါလိမ့်မယ်“ တဲ့။
-------------------------------------------------
အဲဒီ အချိန်မှာ ကောင်းကင်ဘုံ ဟာ တိတ်ဆိတ်လာပြီး လူ့ပြည်က အသံတချို့ကို ကြားလာနေရတယ်။
-------------------------------------------------
ကလေးငယ်ဟာ အလျင်လိုစွာနဲ့ မေးခွန်းတခုကို ခပ်တိုးတိုးမေးပါတယ်။ “အို ဘုရားသခင်၊ တပည့်တော် သွားရတော့မယ်။ ကျေးဇူးပြုပြီး တပည့်တော်ရဲ့ နတ်သမီး နာမည်ကို ပြောပြလိုက်ပါ“
ဘုရားသခင် က ဒီလို ဖြေပါတယ်။ “သင့် နတ်သမီးရဲ့ နာမည် ဘယ်သူဆိုတာ အရေးမကြီးပါဘူး။ သူမကို “မေမေ“ လို့သာ ခေါ်လိုက်ပါ“ တဲ့။
ဇင်ချို ဘာသာပြန် ရေးဖွဲ့ သည်။
မူရင်း = Mother Defined (from email)
Thursday, September 17, 2009
ကျွန်မ နဲ့ အခုတလော
အခုတလော ခဏခဏ ဗိုက်ဆာပါတယ်။ စိတ်ကလဲ ဒါပြီးရင် ဘာစားရမလဲ ပဲ စဉ်းစားနေမိတယ်။ သူများတွေ ကတော့ ပြောတယ်၊ ကိုယ်ဝန်ရှိရင် အဲလိုဗိုက်ဆာတာက ဖြစ်တတ် ပါတယ်တဲ့။ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်မှာ စားချင်တာလေးတွေ ချက်စားတယ်။ ထမင်းသုပ် လုပ်စားတယ်။ ဗုံလုံသီးကို ပုဇွန် အစာသွပ်ပြီး ချက်စားတယ်။ အခုလဲ အဲဒါတွေ ထပ်စား ချင်နေတယ်။ ရုံးမှာ အလုပ်လုပ်ရင်း ညနေ ပြန်ရင် ဘာချက်စားရမလဲ စဉ်းစားနေမိတယ်။ အလုပ်က အံဆွဲထဲမှာ ကိတ်မုန့်၊ ဘီစကစ်၊ cracker စသဖြင့် ဆောင်ထားတယ်။ အလုပ်လုပ်ရင်း တဇွတ်ဇွတ် စားတယ်။ တကယ်တော့ ရုံးမှာ မုန့်စားချင်ရင် Pantry ထဲမှာ သွားစားရတာ။ Afternoon Tea-break မှာတော့ Pantry ထဲမှာ စားတယ်။ ခဏခဏ ကျတော့ သွားစားဖို့ အဆင်မပြေဘူး။ နေရာမှာပဲ နဲနဲ နဲနဲ စားတယ်။ တကယ်တော့ ကိုယ်နဲ့ မနီးမဝေး ထိုင်တဲ့ တယောက်က သူတို့ ဘာသာနဲ့ ဥပုသ်လမို့ ဥပုသ်စောင့်နေတာ။ အားနာဖို့တော့ ကောင်းတယ်။ ကိုယ်က မုန့်တွေ စားစားနေတော့လေ။
နောက်တခုက အခုတလော အပေါ့ ခဏခဏ သွားချင်တယ်။ ဗိုက်ထဲက ကလေးလေးက ဆီးအိမ်ကို ဖိထားလို့ ဆိုလား။ အမှန်အတိုင်း ပြောရရင် ရုံးမှာ ဗိုက်တကားကားနဲ့ လျှောက်မသွားချင်ဘူး။ ဒါပေမဲ့ အိမ်သာက မဖြစ်မနေ ခဏခဏ သွားရတယ်။ ရုံးဆင်းရင်လဲ အိမ်သာဝင်ပြီး ပြန်မှ အဆင်ပြေတယ်။ မဟုတ်ရင် အပြန်လမ်းမှာ ဆီးအိမ်က တင်းတင်းလာပြီး ကသိကအောက် ဖြစ်ရော။ ညဖက်လဲ တခါတော့ အနဲလေး ထရတယ်။ တခါတလေဆို နှစ်ခါ၊ သုံးခါ ။
ဘာပဲဖြစ်ဖြစ် အခုတလော ဆံပင် နဲနဲ တိုအောင် ညှပ်ပြီးကာစမို့ ခေါင်းက ပေါ့ပေါ့ပါးပါးတော့ ဖြစ်နေသား။
ကျွန်မရဲ့ အခုတလော ခံစားချက်တချို့ အမှတ်တရ။

Sunday, September 6, 2009
ပဲဇောင်းလျားသီးသုပ်
ပဲဇောင်းလျားသီး သုပ်စားတဲ့ အကြောင်းလေး ရေးချင်ပါတယ်။
ပထမဆုံး အိုးတလုံးနဲ့ ရေနွေးကို ဆူပွက်အောင် တည်ပါတယ်။ ရေတွေပွက်လာတော့ ရေဆေးထားတဲ့ ပဲဇောင်းလျားသီးတွေကို ထည့်ပြုတ်တယ်။ ခဏပဲ ပြုတ်တာပါ။ နောက် ရေနွေးထဲကနေ ရိုးရိုးရေအေးထဲကို ဆယ်ထည့်ပါတယ်။ အဲလိုထည့်ခြင်းဖြင့် ပဲဇောင်းလျားသီးတွေဟာ ညိုမသွားပဲ အစိမ်းရောင် အတိုင်းလေး ရှိနေမယ်လို့ ကြားဖူးလို့ပါ။ နောက်မှ ရေအေးထဲက ပဲဇောင်းလျားသီးတွေကိုဆယ် ၊ ရေစစ်ပြီး တစောင်းလေးတွေ ခပ်ပါးပါးလှီးပါတယ်။ ကြက်သွန်နီကိုလဲ ခပ်ပါးပါးလှီးပြီး ရေစိမ်ထားတယ်။ သိပ်မမွှန်အောင်လို့။ သုပ်ခါနီးကျမှ ကြက်သွန်နီတွေကို ရေစစ်ပြီး လှီးထားတဲ့ ပဲသီးတွေနဲ့ ရောပါတယ်။ ပဲမှုန့်၊ ငံပြာရည်၊ ကြက်သွန်ဖြူ/ နီ ဆီချက်၊ ပုဇွန်ခြောက်မှုန့်၊ ဟင်းခတ်မှုန့်၊ ငရုတ်သီးလှော်မှုန့် နဲ့ ဆားတို့ကို သင့်သလိုထည့်၊ သံပုရာသီးညှစ်ထည့်ပြီး နယ်ပါတယ်။ ပုံမှာမြင်ရတာကတော့ ကျွန်မရဲ့ လက်စွမ်းပြ ပဲဇောင်းလျားသီးသုပ် ပါ။

Friday, September 4, 2009
အိမ်ဆောက်သူ
လက်သမားကြီး တဦးဟာ အသက်အရွယ် အရ အနားယူရမဲ့ အချိန်ကို ရောက်လာပါတယ်။ ဒါနဲ့ပဲ သူ့အလုပ်ရှင်ကို သူအလုပ်က အနားယူပြီး မိသားစုနဲ့ အေးအေးဆေးဆေး နေတော့မဲ့အကြောင်း အသိပေးတယ်။ အပတ်စဉ် ရနေကျ သူ့လုပ်အားခ ကိုတော့ နှမြောနေမိတယ်။ အလုပ်ရှင်ကလဲ စိတ်မကောင်းဘူး။ သူ့ရဲ့ အလုပ်သမားကောင်း တယောက် ဆုံးရှုံးတော့ မှာကိုး။ အဲဒီမှာ အလုပ်ရှင်က အခွင့်အရေးတခု တောင်းဆိုတယ်။
‘အနားမယူခင် နောက်ဆုံး အိမ်တလုံး ဆောက်ပေးပါတဲ့။’
လက်သမားကြီးလဲ ဆောက်ပေးဖို့ ကတိပေး လိုက်တယ်။ ဒါပေမဲ့ သူ့စိတ်က အလုပ်ထဲမှာ အပြည့်အ၀ မရှိတော့ဘူး။ သူက ရရာ အလုပ်သမားတွေ ငှား၊ အိမ်ဆောက် ပစ္စည်း အညံ့စားတွေသုံးပြီး ဖြစ်သလို ဆောက်တော့တယ်။ အဲဒါက သူ့ရဲ့ အလုပ်ကို ကံမကောင်းတဲ့ နည်းနဲ့ အဆုံးသတ်ဖို့ ဖြစ်လာတာ ပါပဲ။
ဒါနဲ့ အိမ်ဆောက်လို့ ပြီးသွားတော့ အလုပ်ရှင်က အိမ်ကို လာစစ်ဆေးတယ်။ အဲဒီမှာ အလုပ်ရှင်က အိမ်ရှေ့ တံခါးမကြီးသော့ ကို လက်သမားကြီး လက်ထဲ ကမ်းလိုက်ပြီး
‘ဒါ ခင်ဗျားအိမ်ပါပဲ ၊ ကျုပ်ရဲ့ လက်ဆောင်ပါ’ လို့ ဆိုလိုက်တယ်။
လက်သမားကြီး လဲ အံ့အားသင့် ထိတ်လန့် သွားတယ်။ ရှက်စရာ ပါပဲ။ ကိုယ်နေရမဲ့ အိမ်ကို ဆောက်နေခဲ့တယ် ဆိုတာ သိခဲ့ရင်၊ အဲဒီလို လက်လွတ်စပယ် ဘယ်ဆောက်ခဲ့ ပါ့မလဲ။
ကိုယ်တွေ မှာလဲ ဒီလိုပါပဲ။ နေ့စဉ် ကိုယ့်ဘ၀ ကိုယ် တည်ဆောက် နေကြတယ်။ ဒါပေမဲ့ တခါတလေ ကိုယ်လုပ်နိုင်တာအောက် လျှော့လုပ် မိတတ်ကြတယ်။ ကိုယ်ဆောက်နေတဲ့ ဘ၀အိမ်ဟာ ကိုယ်နေဖို့ ပါ။ ဖြစ်သလို ဆောက်ခဲ့မိရင်တော့ အချိန်တွေကို နောက်ပြန်ဆုတ်ဖို့ မဖြစ်နိုင်ပါဘူး။ ကိုယ်တွေဟာ လက်သမားတွေပါ။ နေ့စဉ် ကိုယ့်ဘ၀ အိမ်အတွက် သံရိုက်၊ ကြမ်းခင်း၊ အမိုးကာ ကြရတယ်။ ဘ၀ဆိုတာ ကိုယ်တိုင်လုပ်ရတဲ့ Project တခုတဲ့။ ဒီနေ့ ကိုယ်တွေရဲ့ အပြုအမူတွေ၊ ရွေးချယ်မှုတွေ ဟာ နက်ဖြန် ကိုယ်တွေ နေရမဲ့ ဘ၀အိမ်ကို အကျိုးသက်ရောက် စေလိမ့်မယ်။
ဒါ့ကြောင့် . . . ဥာဏ်ပညာ ရှိစွာ ဆောက်ကြပါ။
ဇင်ချို ဘာသာပြန် ရေးဖွဲ့ သည်။
မူရင်း = ‘Building your house’ from ‘Indian child story’.

Subscribe to:
Posts (Atom)