Friday, September 4, 2009

အိမ်ဆောက်သူ

လက်သမားကြီး တဦးဟာ အသက်အရွယ် အရ အနားယူရမဲ့ အချိန်ကို ရောက်လာပါတယ်။ ဒါနဲ့ပဲ သူ့အလုပ်ရှင်ကို သူအလုပ်က အနားယူပြီး မိသားစုနဲ့ အေးအေးဆေးဆေး နေတော့မဲ့အကြောင်း အသိပေးတယ်။ အပတ်စဉ် ရနေကျ သူ့လုပ်အားခ ကိုတော့ နှမြောနေမိတယ်။ အလုပ်ရှင်ကလဲ စိတ်မကောင်းဘူး။ သူ့ရဲ့ အလုပ်သမားကောင်း တယောက် ဆုံးရှုံးတော့ မှာကိုး။ အဲဒီမှာ အလုပ်ရှင်က အခွင့်အရေးတခု တောင်းဆိုတယ်။

‘အနားမယူခင် နောက်ဆုံး အိမ်တလုံး ဆောက်ပေးပါတဲ့။’

လက်သမားကြီးလဲ ဆောက်ပေးဖို့ ကတိပေး လိုက်တယ်။ ဒါပေမဲ့ သူ့စိတ်က အလုပ်ထဲမှာ အပြည့်အ၀ မရှိတော့ဘူး။ သူက ရရာ အလုပ်သမားတွေ ငှား၊ အိမ်ဆောက် ပစ္စည်း အညံ့စားတွေသုံးပြီး ဖြစ်သလို ဆောက်တော့တယ်။ အဲဒါက သူ့ရဲ့ အလုပ်ကို ကံမကောင်းတဲ့ နည်းနဲ့ အဆုံးသတ်ဖို့ ဖြစ်လာတာ ပါပဲ။

ဒါနဲ့ အိမ်ဆောက်လို့ ပြီးသွားတော့ အလုပ်ရှင်က အိမ်ကို လာစစ်ဆေးတယ်။ အဲဒီမှာ အလုပ်ရှင်က အိမ်ရှေ့ တံခါးမကြီးသော့ ကို လက်သမားကြီး လက်ထဲ ကမ်းလိုက်ပြီး

‘ဒါ ခင်ဗျားအိမ်ပါပဲ ၊ ကျုပ်ရဲ့ လက်ဆောင်ပါ’ လို့ ဆိုလိုက်တယ်။

လက်သမားကြီး လဲ အံ့အားသင့် ထိတ်လန့် သွားတယ်။ ရှက်စရာ ပါပဲ။ ကိုယ်နေရမဲ့ အိမ်ကို ဆောက်နေခဲ့တယ် ဆိုတာ သိခဲ့ရင်၊ အဲဒီလို လက်လွတ်စပယ် ဘယ်ဆောက်ခဲ့ ပါ့မလဲ။

ကိုယ်တွေ မှာလဲ ဒီလိုပါပဲ။ နေ့စဉ် ကိုယ့်ဘ၀ ကိုယ် တည်ဆောက် နေကြတယ်။ ဒါပေမဲ့ တခါတလေ ကိုယ်လုပ်နိုင်တာအောက် လျှော့လုပ် မိတတ်ကြတယ်။ ကိုယ်ဆောက်နေတဲ့ ဘ၀အိမ်ဟာ ကိုယ်နေဖို့ ပါ။ ဖြစ်သလို ဆောက်ခဲ့မိရင်တော့ အချိန်တွေကို နောက်ပြန်ဆုတ်ဖို့ မဖြစ်နိုင်ပါဘူး။ ကိုယ်တွေဟာ လက်သမားတွေပါ။ နေ့စဉ် ကိုယ့်ဘ၀ အိမ်အတွက် သံရိုက်၊ ကြမ်းခင်း၊ အမိုးကာ ကြရတယ်။ ဘ၀ဆိုတာ ကိုယ်တိုင်လုပ်ရတဲ့ Project တခုတဲ့။ ဒီနေ့ ကိုယ်တွေရဲ့ အပြုအမူတွေ၊ ရွေးချယ်မှုတွေ ဟာ နက်ဖြန် ကိုယ်တွေ နေရမဲ့ ဘ၀အိမ်ကို အကျိုးသက်ရောက် စေလိမ့်မယ်။

ဒါ့ကြောင့် . . . ဥာဏ်ပညာ ရှိစွာ ဆောက်ကြပါ။


ဇင်ချို ဘာသာပြန် ရေးဖွဲ့ သည်။
မူရင်း = ‘Building your house’ from ‘Indian child story’.

No comments: