သမီးလေး မွေးကာစ လာနေပေးတဲ့ ကျွန်မတို့အမေ (ယောက်ခမ) ပြန်တော့မယ် ဆိုတော့ သမီးကို ထိန်းဖို့ စဉ်းစားရတယ်။ လင်မယား နှစ်ယောက်လုံးက တနေကုန် အလုပ်၊လုပ်ကြတာ။ အဲတော့ baby sitter နဲ့ ကလေးကို ထားမလား၊ အိမ်ဖော် ငှားမလား၊ infant care center ပဲ ပို့မလား။
ကိုယ့်ဟာ ကိုယ်လဲ စဉ်းစား၊ အသိမိတ်ဆွေ သူငယ်ချင်းတွေ ဘယ်လို လုပ်ကြသလဲ၊ လဲ စုံစမ်း မေးမြန်း ဖြစ်ကြတယ်။ အဲလိုနဲ့ပဲ infant care center ကို ပို့ဖို့ ဆုံးဖြတ် ဖြစ်တယ်။ သမီးလေးကို စပို့ရမှာက ဧပြီလ ၁ရက်နေ့။ ရုံးအသွားမှာ သမီးကို အရင်ဝင်ပို့၊ ရုံးအပြန် သမီးကို ပြန်ဝင်ခေါ် ပြီးမှ အိမ်ပြန်။ အဆင်ပြေကောင်း ပါရဲ့။
March လ ၃၁ရက်နေ့ ည ရောက်တော၊့ နောက်နေ့ သမီးအတွက် လိုအပ်တာလေးတွေ ပြင်ဆင်ရတယ်။ အင်္ကျီ၊ ဘောင်းဘီ၊ မျက်နှာသုတ်ပ၀ါ၊ နို့ဗူး ဘာမှ မေ့မကျန်ရအောင် စဉ်းစား ထည့်သိုကြတယ်။
ညရောက်တော့ နက်ဖြန်အတွက်ကို တွေးပြီး စိတ်နဲနဲ ပူနေမိတယ်။ သမီးက ပတ်ဝန်းကျင် အသစ်မှာ မြန်မြန်မှ အထာကျပါ့မလား။ ကလေးက သိပ်ငယ်လွန်းသေးတယ်။ အတွေးတွေ ဟိုရောက်ဒီရောက်နဲ့။ အဲဒီမှာ တခု သတိရမိတာက ရုံးက MD အပြောင်းအလဲ။ လက်ရှိ MD က ဂျပန် ရုံးချုပ်ကို ပြန်မှာမို့ သူ့နေရာကို ကျွန်မတို့ department ရဲ့ Director က ရာထူးတိုးတယ်။
အဲဒီ အပြောင်းအလဲ က ဧပြီလ ၁ရက်နေ့ မှာ effect ဖြစ်မယ်။ ဒီလို ၃၁ရက်နေ့ ညမှာ MD အသစ် အနေနဲ့ နက်ဖြန်အတွက်ကို တွေးပြီး ပျော်ကောင်း ပျော်နေနိုင်တယ်။ စိတ်လှုပ်ရှားကောင်း လှုပ်ရှားနေနိုင်တယ်။ MD အဟောင်းကရော။ စိတ်ပဲ ပျက်နေမလား၊ သူလုပ်နိုင်ခဲ့တာတွေ တွေးပြီး အားရကျေနပ် နေမလား။ သူတို့ ဘ၀တွေအတွက် ဒီလို နေ့မျိုးက အမှတ်တရ ဖြစ်နေနိုင်ကောင်းတယ်။
သမီးလေး infant care စနေရမဲ့ ရက်မို့ ကျွန်မတို့ အတွက်လဲ အမှတ်တရ ပါပဲ။ သမီး အဆင်ပြေပါစေ။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment